ကေအိုင်အို နှင့် NUG တို့ ပူးပေါင်းဖွင့်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမဆုံးဘွဲ့ နှင်းသဘင်ကျင်းပ

By အဂမ်
25 February 2023
ကေအိုင်အို နှင့် NUG တို့ ပူးပေါင်းဖွင့်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမဆုံးဘွဲ့ နှင်းသဘင်ကျင်းပ

မဇ္ဈိမ။      ။ ကေအိုင်အို နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်  Kachin State Comprehensive University (KSCU)၏ ပထမဆုံးသော ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့  ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းက ကေအိုင်အိုဌာနချုပ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်( KSCU )၏ ဝိဇ္ဇာ - တက္ကသိုလ်က ဖွင့်လှစ်ခဲ့သည့် အဝေးသင်ပညာရေးအစီအစဉ်၌ တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူများနှင့် ကြားကာလ မြစ်ကြီးနားတက္ကသိုလ်ကောင်စီက ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းအခြေပြု ပညာရေးအစီအစဉ်တွင် တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲ အောင်မြင်ခဲ့သူများကို ဘွဲ့ချီးမြှင့်ဂုဏ်ပြုသည့် ခမ်းအနားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုဘွဲ့နှင်းသဘင်အခမ်းအနားကို ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ Sinpraw Majoi ခမ်းမတွင်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ဂွမ်မော်က "ကျွန်ုပ်တို့နိုင်ငံသားများအနေဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားနေကြရဆဲဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တစ်ခဲနက် ပြိုင်တူဆင်နွှဲနေကြသော တော်လှန်ရေးကြီး၌ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူငယ်များ၊ CDM ဝန်ထမ်းများ ကြီးမားကျယ်ပြန့်စွာ ပါဝင်နေကြသည်။ သင်တို့သည်လည်း သမိုင်းပေးတာဝန်များကို  ထမ်းဆောင်ကြရတော့မည် ဖြစ်ပေသည်” ဟု  မိန်းခွန်းပြောကြားခဲ့သည်။

ယနေ့ဘွဲ့ယူခဲ့ကြသူများမှာ မဟာဝိဇ္ဇာဘွဲ့ မြန်မာစာအထူးပြု တစ်ဦး၊ သိပ္ပံဘွဲ့ဖြစ်သည့် ဓာတုဗေဒအထူးပြု တစ်ဦး၊ ဝိဇ္ဇာဘွဲ့များဖြစ်သည့် မြန်မာစာအထူးပြု  ခြောက်ဦး၊ အင်္ဂလိပ်စာအထူးပြု ကိုးဦး၊ သမိုင်းအထူးပြု ၁၇ ဦး ၊ ပထဝီအထူးပြု ခြောက်ဦး၊ စိတ်ပညာအထူးပြု ၁၈ ဦး၊ ဒဿနိက ဗေဒအထူးပြု နှစ်ဦး၊ ဥပဒေပညာအထူးပြု သုံးဦးနှင့် စီးပွားရေးပညာအထူးပြု တစ်ဦး စုစုပေါင်း ၆၄ ဦး တို့ဖြစ်သည်ဟု သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly