Home သတင်း KNDO သို့ ဘက်ပြောင်းသည့် ဗိုလ်စလုံး ဦးဆောင် DKBA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

KNDO သို့ ဘက်ပြောင်းသည့် ဗိုလ်စလုံး ဦးဆောင် DKBA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

1477
Photo: KNDO

မေလ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဘက်သို့ ဘက်ပြောင်း ဝင်ရောက်လာသည့် ဗိုလ်စလုံးဦးဆောင်သော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင်များကို ယနေ့ မေလ ၅ ရက်နေ့တွင် ကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ပါ အဆိုပါ DKBA တပ်ဖွဲ့ဝင်များသည် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်သည့် KNDO တပ်ဖွဲ့ထံသို့ ဘက်ပြောင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ကိုယ်တိုင် လက်ခံကြိုဆိုခဲ့ကာ ၎င်းတို့ကို KNDO တပ်ဖွဲ့ဝင်များအနေဖြင့် ဘက်တံဆိပ်များ ပြောင်းလဲပေးခဲ့ပြီး ရာထူးနှင့် တာဝန်များကိုလည်း ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဘက်ပြောင်းဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်အသစ်များကို KNDO ၏ ကွန်မန်ဒို တပ်ရင်းအနေဖြင့် ဖွဲ့စည်းပေးလိုက်ပြီး ဗိုလ်စလုံးကို တပ်ရင်းမှူး တာဝန်ပေးအပ်ကာ ဦးစီးစေမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက ပြောဆိုထားသည်။

Photo: KNDO

လတ်တလော ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ ဒေါနအရှေ့ခြမ်းဒေသအတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် ဗိုလ်စလုံး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ပါဝင်တိုက်ခိုက် နေခြင်းဖြစ်ပြီး ပြည်သူလူထုအတွက်တိုက်ပွဲ ဝင်နေခြင်းဖြစ်သည့်အပေါ် ပြည်သူလူထုများ၏ ဆန္ဒနှင့်အညီ ယခုလို KNDO တပ်ဖွဲ့ဝင်များအဖြစ် ပြောင်းလဲရခြင်းဖြစ်ကြောင်း ဗိုလ်စလုံးက ကေအိုင်စီသို့ ပြောဆိုထားသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်ရာတွင် ယခင်က DKBA မှ မပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် DKBA စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်စလုံးက ၎င်းထံ ခိုလှုံလာသည့် ပြည်မအတွင်းလူငယ်များပါဝင်၍ နယ်မြေခံ KNDO၊ KNLA တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

ထိုသို့ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ၎င်းဗိုလ်စလုံး တပ်စခန်းတည်ရှိရာ သောင်ရင်းမြစ်ကမ်းနေရာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က နယ်ခြားစောင့်တပ် (BGF)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြေပြင်နှင့် ဝေဟင်ပါ ပူးပေါင်း၍ အပြင်းအထန် စစ်ကြောင်းထိုးတိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသေးသည်။